သင့်နားကို ဘယ်တော့မှ မလုပ်သင့်တဲ့အရာ (၄) ခု
အာရုံခြောက်ပါးထဲမှာ သဒ္ဒါရုံလို့ ခေါ်တဲ့ အကြားအာရုံကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အကြားအာရုံ ကောင်းမှသာ လူအချင်းချင်း ဆက်သွယ်ပြောဆိုမှုတွေက ပိုပြီး အဆင်ပြေ ချောမွေ့နိုင်မှာပါ။ အကြားအာရုံ ကောင်းဖို့အတွက်ဆိုရင်တော့ နားကို ဂရုစိုက်ဖို့ လိုလာပါပြီ။ ဒါကြောင့် သင့်ရဲ့နားကို ဘယ်တော့မှ မလုပ်သင့်တဲ့အရာ (၄) ခု အကြောင်းကို ပြောပြပေးသွားပါမယ်။
(1) နားကို ဖယောင်းတိုင်ထွန်းတာ
Social Media တွေပေါ်မှာ နားထဲကို ဖယောင်းတိုင်ထွန်းပြီး နားဖာချေးတွေကို ထုတ်ယူတာ ခေတ်စားနေတာ တွေ့ရပါတယ်။ ဖယောင်း၊ ချည်သားတို့နဲ့ ပြုလုပ်ထားပြီး အခေါင်းပေါက်ပါတဲ့ ဖယောင်းတိုင်ကို နားထဲထိုးထည့်ထားပြီး ကျန်တစ်ဖက်စွန်းကို မီးညှိလိုက်တဲ့အခါ Negative Pressure နဲ့ နားထဲက နားဖာချေးနဲ့ အညစ်အကြေးတွေကို ထွက်လာစေတယ် ဆိုပြီး တွင်ကျယ်စွာ အသုံးပြုနေကြတာပါ။ အဲဒီလို Negative Pressure နဲ့ ထုတ်တာက နားစည်ကို ပေါက်သွားစေတဲ့ထိ အန္တရာယ် ရှိတာမို့ တကယ်တော့ လုပ်သင့်တဲ့အရာ မဟုတ်ပါဘူး။
(2) နားကျပ်တံနဲ့ ကလော်တာ
နားကျပ်တံနဲ့ ကလော်တာကိုလည်း လူအများစု လုပ်တတ်ကြပါတယ်။ နားကျပ်တံအပါအဝင် နားထဲကို ပြင်ပအရာတစ်ခုခု ထိုးထည့်တာက နားဖာချေးတွေကို အတွင်းထဲထိ ပိုမိုရောက်သွားစေနိုင်သလို နားစည်ကို ထိခိုက်မိပြီး နားစည်ပေါက်ကာ အကြားအာရုံ ဆုံးရှုံနိုင်ခြေလည်း ရှိပါတယ်။ ဒါ့အပြင် နားကျပ်တံတွေက မသန့်ရှင်းတဲ့အခါ ဘက်တီးရီးယားပိုးတွေ နားအတွင်းထဲထိ ရောက်သွားနိုင်ပါသေးတယ်။
(3) သီချင်းသံအကျယ်ကြီးတွေ နားထောင်တာ
နားကျပ်ကလေးတပ်ပြီး သီချင်းနားထောင်ရတာက မိုက်တယ်လို့ ထင်ကြမှာပါပဲ။ ဒါပေမယ့် 60 Decibels ထက်ကျော်တဲ့ အသံတွေကို နားထောင်တဲ့အခါ မမိုက်တော့ဘဲ နားကို ထိခိုက်လာနိုင်ပါတယ်။ 85 Decibels ထက်ကျော်တဲ့ အသံတွေကို နားထောင်ပါများရင် အကြားအာရုံပါ ဆုံးရှုံးလာနိုင်ပါတယ်။ ဒါကြောင့် နားကျပ်တပ်ထားတဲ့အခါ 60 Decibels ထက် မကျော်စေဖို့ သတိပြုသင့်သလို တစ်နာရီထက် ပိုပြီး ဆက်တိုက်နားမထောင်မိဖို့လည်း သတိထားစေချင်ပါတယ်။
(4) နားမကြားတဲ့ လက္ခဏာတွေ ပြနေတာကို ဂရုမပြုတာ
သူတစ်ပါး ပြောတာကို ရှင်းရှင်းလင်းလင်း မကြားရတာ၊ ထပ်ကာထပ်ကာ ပြန်ပြောဖို့ တောင်းဆိုနေရတာ၊ တီဗီကြည့်၊ သီချင်းနားထောင်တဲ့အခါ Volume ကို မြှင့်ထားမှ ကြားရတာ စတဲ့ လက္ခဏာတွေ ပြနေပေမယ့် စစ်ဆေးကုသခြင်း မရှိဘဲ အမှုမဲ့အမှတ်မဲ့ နေမိရင် အချိန်လွန်ပြီး အကြားအာရုံ လုံးဝဆုံးရှုံးသွားနိုင်တာမို့ မပေါ့ဆသင့်ပါဘူး။
အခုပြောပြခဲ့တဲ့ နားနဲ့ ပတ်သက်ပြီး ဘယ်တော့မှ မလုပ်သင့်တဲ့ အရာတွေကို ဂရုပြုရှောင်ရှားနိုင်မှသာ ကြည်လင်ပီသတဲ့ အကြားအာရုံကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်